Exit print mode Print Data A+ A- Undo all

The Reason I Jump (2020)

The Reason I Jump (2020)The Reason I Jump (2020)

Synopsis:

The Reason I Jump (2020)

~ IMDb – 7.4/10, RT – 97%, Meta – 83% ~

442

“I don’t have ADHD when I am out in the woods.”
David (Age 14)

“ကျွန်တော့်အတွက် တောအုပ်ထဲမှာ ရောက်နေချိန်ဆို အာရုံမစိုက်နိုင်ခြင်းက ပြဿနာတစ်ခုလို အထူးအထွေ ရှိမနေတော့ပါဘူး။”

Forest School ဆိုတဲ့ တောအုပ်ထဲမှာ မိုးရွာရွာနေပူပူတက်ရတဲ့ ကျောင်းကလေးကို ပုံမှန်တက်ရောက်သူ ဒေးဗစ်ရဲ့ ရင်ဖွင့်သံပါ။

ကျွန်မအနေနဲ့ Forest School ဆရာမဖြစ်ကာစ အစောပိုင်းကာလမှာကိုပဲ ADHD ရှိတယ်လို့ ကောက်ချက်ချခံရသူ ကလေးအချို့နဲ့ တွေ့ကြုံခွင့်ရခဲ့ပါတယ်။

ကလေးတစ်ယောက်ရဲ့ ဖခင်ကဆို သူ့သားကလေးကိုကျောင်းလာပို့တော့ …
“သားသားက တောထဲမှာဆို သိပ်ပျော်တာ၊ သူဆောက်တည်ရာမရ ဖြစ်လာတဲ့ အချိန်မျိုးမှာဆို သစ်တုံးခပ်လေးလေး တစ်တုံးသာ တစ်နေရာက တစ်နေရာကို ချီရွှေ့ခိုင်းလိုက်ပါ ဆရာမ၊ သူအဆင်ပြေသွားပါလိမ့်မယ်” တဲ့။

အမှန်တော့ အင်္ဂလန်က မူကြိုကျောင်းတိုင်းမှာ ကလေးတွေအတွက် SENCO (Special Educational Needs Coordinator) လို့ခေါ်လို့တဲ့ အထူးပြု ဆရာ/ဆရာမ အနည်းဆုံးတစ်ယောက် မဖြစ်မနေထားကြရပါတယ်။ အထူးဂရုပြုကူညီပံ့ပိုးပေးဖို့လိုအပ်တဲ့ ကလေးငယ်တစ်ယောက်ယောက် (Special Needs) ကိုယ့်ကျောင်းကို ရောက်ရှိလာရင် အဲဒီကလေးကို အလွယ်တကူ သတိပြုမိစေဖို့နဲ့ အနီးကပ် စောင့်ကြည့်နိုင်ပြီး လိုအပ်တဲ့ အကူအညီကို သင့်တော်စွာပေးနိုင်ဖို့အတွက် ကျွမ်းကျင်သူဆရာမတစ်ယောက်က ဦးဆောင်တာဝန်ယူရတဲ့ သဘောပါ။

တနည်းအားဖြင့် လိုအပ်လာပါက ကလေးကို ကောင်းမွန်စွာပံ့ပိုးပေးနိုင်မယ့် ကျွမ်းကျင်ပညာရှင်နဲ့ ချိတ်ဆက်ပေးတာမျိုး၊ ကလေးရဲ့ မိသားစုကို လိုအပ်တဲ့ အကူအညီပေးတာမျိုး (ငွေကုန်ကြေးကျရှိလာပါက အစိုးရဘက်မှ ပံ့ပိုးမှုအရဖြစ်စေ)၊ မိမိကျောင်းမှာ ရှိစဉ်တောက်လျှောက် ကလေးရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်ကို အကောင်းဆုံး စောင့်ကြည့်ပြီး ပံ့ပိုးပေးနိုင်ရန် မိဘ၊ ဆရာ/မ၊ အခြားပညာရှင်များပါ လက်တွဲပူးပေါင်းဖို့လဲ ဖြစ်ပါတယ်။ ဆရာ/မ တွေအနေနဲ့ အတွေ့အကြုံအရ ဖြစ်နိုင်ချေရှိသည်များကို ခန့်မှန်းကြည့်နိုင်သော်ငြား ဘယ်ကလေးကိုမှ ငယ်နုတဲ့ကာလမှာ အလွယ်တကူ ကောက်ချက်ချတာမျိုး တံဆိပ်ကပ်တာမျိုး မလုပ်ဖို့ သတိထားကြပါတယ်။

ဒါဆို ဟုတ်ပြီ၊ ဒီလိုမျိုး တံဆိပ်မကပ်ဘူးဆို ဘယ်လိုနာမ်စား အစားထိုးသုံးကြမလဲပေါ့။ ကျွန်မတို့လို အသွင်ပြောင်းပညာရေးကို ဖော်ဆောင်တဲ့ ဆရာ/မ တွေကြားမှာ Neurodivergent ဆိုတဲ့ အသုံးအနှုန်းကို ပိုပြီး တွင်ကျယ်စွာ အသုံးပြုကြပါတယ်။ နောက်တစ်ချက်က Children with Special Educational Needs အစား Children with Different Abilities လို့လဲ ပြောင်းလဲ သုံးနှုန်းပါတယ်။

Neurodivergent ဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတာပါလဲ။

“Neurodiversity describes the idea that people experience and interact with the world around them in many different ways; there is no one “right” way of thinking, learning, and behaving, and differences are not viewed as deficits.”
– Harvard Health Publishing

သာမန်ကနေ ခွဲထွက်တွေးသူ၊ ထူးခြားစွာပြုမှုပြောဆိုဆက်ဆံသူ၊ ထူးခြားသော အပြုအမူရှိသူ၊ သင်ယူမှုပုံစံကွဲပြားသူ၊ စသဖြင့်… အများနဲ့ မတူဘူးဆိုတာနဲ့ ချို့ယွင်းချက်ရယ်လို့ တထစ်ချ မသတ်မှတ်ပဲ သီးခြားဖြစ်တည်လုပ်ဆောင်မှုတစ်မျိုးမျိုးနဲ့ ဦးနှောက်ပိုင်ရှင် ဘယ်သူမဆို နျူရိုဒိုင်ဗားဂျန့် ဖြစ်သူလို့ သတ်မှတ်ကြပါတယ်။

ဒါဟာ ခြုံငုံပြီးခေါ်တဲ့ Non-Medical Umbrella Term တစ်ခုဖြစ်ပါတယ်။ ဒီခြုံငုံမှုထဲမှာ ASD လို့ခေါ်တဲ့ အော်တစ်ဇင် Spectrum ထဲမှာ ပါသူတွေ၊ Dyslexia စာဖတ်ခက်ခဲခြင်းပြဿနာ ရှိသူတွေ၊ ADHD အာရုံစိုက်ဖို့ ခက်ခဲပြီး တစ်နေရာထဲ အငြိမ်မနေနိုင်သူတွေ Epilepsy ရှိသူတွေ စသည်ဖြင့် ဦးနှောက် Function မျိုးစုံနဲ့ ကလေးတွေရော လူကြီးတွေပါ ပါဝင်ပါတယ်။

ယေဘူယျအားဖြင့် ဦးနှောက်အာရုံကြောများ ကွဲပြားစွာ အလုပ်လုပ်ခြင်းကြောင့် လူတစ်ဦးတစ်ယောက်ဟာ အများနဲ့ မတူ၊ အများလက်ခံထားတဲ့ တန်ဖိုးစံနှုန်းတွေကနေ သွေဖယ်တာ၊ တွေးပုံ နေထိုင်ပြုမှုပုံ မတူညီတာကို၊ ဒါက အော်တစ်ဇင်၊ ဒါက စာသင်မရတဲ့ ရောဂါ၊ ဒါက ငြိမ်ငြိမ်မနေနိုင်တဲ့ ADHD ဆိုပြီး အလွယ်တကူ ကောက်ချက်ချခြင်းတွေအပြင် လူအများစုနဲ့ မတူတိုင်း အသင်းအဖွဲ့ကနေ အလိုအလျှောက်ပယ်လိုက်ဖို့ ဝန်မလေးတဲ့ လုပ်ရိုးလုပ်စဉ် တွေကို တိုက်ဖျက်ချင်တာမို့ ပညာရှင်အချို့ဟာ Neurodivergent ဆိုတဲ့ အသုံးအနှုန်းကို ၁၉၉၀ ကျော်ကာလတွေမှာ စတင် အစားထိုးအသုံးပြုလာတာဖြစ်ပါတယ်။

အမှန်တော့ ကမ္ဘာကြီးကို တနည်းတဖုံပြောင်းလဲစေသူ၊ ကိုင်လှုပ်နိုင်ခဲ့ကြသူ (လက်ရှိမှာကိုပဲ ကမ္ဘာကိုကိုင်လှုပ်နေသူ) တော်တော်များများဟာ နျူရိုဒိုင်ဗားဂျန့် တွေ ဖြစ်နေပြန်ပါတယ်။

ဒီလိုပြောတဲ့အတွက် မိမိကလေးဟာ နျူရိုဒိုင်ဗားဂျန့် ဖြစ်နေရင် တစ်နေရာရာမှာ အထင်ကရဖြစ်မှာပဲလို့တော့ မဆိုလိုပါဘူး။ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်များရဲ့ ဦးနှောက်အာရုံကြောများ ကွဲပြားစွာ အလုပ်လုပ်ပုံကို ပထမအဆင့်အားဖြင့် လက်ခံနားလည်နိုင်ဖို့၊ ဒုတိယအဆင့်အားဖြင့် ထိုကလေးများ ကောင်းမွန်စွာ ဖွံ့ဖြိုးခွင့်၊ ပြည့်ဝစွာ နေထိုင်ဖြစ်တည်ခွင့်ရစေရန်၊ လိုအပ်တဲ့ ပတ်ဝန်းကျင်တစ်ခု စုပေါင်းဖန်တီးပေးနိုင်ဖို့လိုပါတယ်။ အထူးသဖြင့် စာသင်ကျောင်းတွေ၊ မူကြိုကျောင်းတွေ၊ လူမှုအသိုက်အဝန်းတွေ၊ အခြားအခြားသော Institution တွေမှာ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်များကို အလွယ်တကူ မဖယ်ကျဉ်ကြဖို့၊ လူမှုအသိုင်းအဝန်းမှာ နားလည်ထည့်သွင်းဖို့၊ ကွဲပြားစွာလှပနေမှုကို လက်ခံကြဖို့ လိုပါတယ်။

အမှန်တော့ ကျွန်မတို့ဆီမှာ အပြုအမှုပုံမှန်ထက် ထူးခြားတာမြင်တာနဲ့ အော်တစ်ဇင်လားဆိုပြီး ပြဿနာတစ်ရပ်အနေနဲ့ အမြန်ကောက်ချက်ချဖို့ စိုင်းပြင်းနေကြဆဲပါ။ ဒါဟာ လူနည်းစုဖြစ်တာကြောင့်လဲ တကူးတက စိတ်ဝင်စားသူနည်းတာလဲ ဖြစ်နိုင်ပါတယ်။ ကျွန်မကိုယ်တိုင်တောင် လုပ်ငန်းခွင်မှာ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်တွေနဲ့ ရင်းနှီးပက်သက်ခွင့် ရှိလာမှ ပိုပြီးလေ့လာဖြစ် စာတွေထပ်ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီအထဲမှာမှ ၁၃ နှစ်အရွယ် နျူရိုဒိုင်ဗားဂျန့် ရှိသူ လူငယ်တစ်ယောက်ရဲ့ စာအုပ်ကို အမှတ်မထင် ဝယ်ဖတ်မိလိုက်ရာကနေ ဒီကလေးငယ်တွေရဲ့ ဖြစ်တည်မှု မတူညီတာကို အတိုင်းအတာတစ်ခုထိ ပိုပြီးနားလည်ခဲ့ရပါတယ်။

Naoki Higashida နာအိုကီ ဟီဂရှီဒါ လို့ ခေါ်တဲ့ စကားမပြောနိုင်သူ ဆယ်ကျော်သက်လူငယ်တစ်ယောက်ဟာ ၂၀၀၇ ခုနှစ်မှာ The Reason I Jump: The Inner Voice of a Thirteen-Year-Old ဆိုတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အခုဆိုရင် ဒီစာအုပ်ကလေးကို မြန်မာဘာသာအပါအဝင် ဘာသာပေါင်း ၃၀ ကျော် ဘာသာပြန်ထားခဲ့ကြပြီးပါပြီ။

စာအုပ်မှာ နာအိုကီလို ပြင်းထန် အော်တစ်ဇင် ရှိသူများအား အမေးများသော မေးခွန်းပေါင်း ၅၈ ခုကို နာအိုကီရဲ့ သိမြင်တွေ့ကြုံမှုမှ ပြန်လည်ဖြေကြားပြောပြထားတဲ့ Memoir ပုံစံ စာအုပ်ငယ်လေးဖြစ်ပါတယ်။ စာအုပ်ထဲမှာ မေးခွန်းတစ်ခုက –

မေးခွန်း (၄၅) အပြင်ထွက် လမ်းလျှောက်ရတာကို ဘာဖြစ်လို့ သဘောကျရတာလဲ။

အော်တစ်ဇင် တော်တော်များများဟာ လမ်းလျှောက်ရတာကို သဘောကျ နှစ်ခြိုက်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာ စာဖတ်သူ သိပါရဲ့လား။

“လမ်းလျှောက်ရတာ နေလို့ ကောင်းလို့ ဖြစ်မှာပေါ့”
“အပြင်မှာ နေရတာ သိပ်ကောင်းတယ် မဟုတ်လား”

ဒီအဖြေ နှစ်ခုစလုံး သူ့နည်းနဲ့သူ မှန်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် နံပါတ်တစ် အကြောင်းပြချက်ကတော့ ကျွန်တော်တို့ အော်တစ်ဇင်တွေဟာ စိမ်းစိုနေတဲ့ သဘာဝလောကကြီးကို နှစ်သက်မြတ်နိုးလို့ပါ။ အခုဆိုရင် “ဪ… ဒီလိုလား” လို့ စာဖတ်သူတွေးနေလောက်ပါပြီ။ ဒါပေမဲ့လည်း သဘာဝတရားအပေါ် ကျွန်တော်တို့ရဲ့ နှစ်သက်စုံမက်မှုက တခြားလူတွေနဲ့တော့ နည်းနည်းကွာပါတယ်။ လူတွေ နှစ်သက်တဲ့ သဘာဝတရားဆိုတာ သစ်ပင်တန်းတွေနဲ့ ပန်းကလေးတွေရဲ့ အလှအပအပေါ် အရင်းခံလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို အထူးဂရုစိုက်မှုတွေ ခံနေရတဲ့ သူတွေအတွက်တော့ သဘာဝတရား ဆိုတာ ကျွန်တော်တို့ အသက်လောက်ကို အရေးပါ ပါတယ်။ အကြောင်းရင်းကတော့ သဘာဝအလှတွေကို ကျွန်တော်တို့ ကြည့်မိတဲ့အခါ ဒီကမ္ဘာပေါ်မှာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ သက်ဝင်လှုပ်ရှားခွင့် ရသလို ခံစားရလို့ပါပဲ။ သဘာဝတရားက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးသလို ခံစားရပါတယ်။ လူတွေက ကျွန်တော်တို့ကို ဘယ်လောက်ပဲ မလိုလားသည် ဖြစ်စေ၊ လျစ်လျူရှုသည်ဖြစ်စေ သဘာဝတရားကတော့ ကျွန်တော်တို့အပေါ် အမြဲတမ်း နွေးထွေးမှုတွေ ပေးစွမ်းနိုင်ပါတယ်။

သဘာဝတရားရဲ့ စိမ်းမြမှုဟာ သစ်ပင်၊ ပန်းပင်တွေရဲ့ အသက်ဇီဝပါပဲ။ အစိမ်းရောင်ဟာ အသက်ဇီဝကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ စိမ်းမြတဲ့ ပတ်ဝန်းကျင်ကို မကြာခဏ လမ်းလျှောက်ထွက်ချင်ကြတာပါပဲ။

[ဆရာ ကျော်စွာ (ဆေး-၂) ရဲ့ ဘာသာပြန် “ကိုယ်တွေ့ကြုံရ အော်တစ်ဇင်ဘဝ” မှ ကောက်နှုတ်ထားသည်။]

ဒီစာအုပ်ကို မှီငြမ်းရိုက်ကူးထားတဲ့ The Reason I Jump ဆိုတဲ့ နာမည်နဲ့ပဲ မှတ်တမ်းရုပ်ရှင်တစ်ကား ၂၀၂၀ မှာထွက်ထားခဲ့ပါတယ်။ ကမ္ဘာ့ထောင့်တစ်နေရာစီက နျူရိုဒိုင်ဗားဂျန့် ရှိသူ ကလေး ၅ ဦးရဲ့ နေ့စဉ်ဘဝ၊ လူမှုဘဝ၊ မိသားစုဘဝ အတက်အကျကို လှပတဲ့ Cinematography နဲ့ ပေါင်းစည်းရိုက်ပြထားတာပါ။ ဒီလို စာအုပ်တင်မက ရုပ်ရှင်ပါ တပြိုင်တည်းကြည့်ခွင့်တဲ့အခါမှာ ကျွန်မတို့လို သာမာန် Neurotypical ရှိသူတစ်ဦးအနေနဲ့ အတိုင်းအတာတစ်ခုအထိ ချိတ်ဆက်နားလည်နိုင်ဖို့ အထောက်အကူပေးခဲ့ပါတယ်။

အချုပ်အားဖြင့် အလွန်ကျယ်ပြန့်နက်ရှိုင်းပြီး လေ့လာမကုန်တဲ့ နျူရိုဒိုင်ဗားဂျန့် ကလေးများအကြောင်း အရိပ်အမွတ်ဖြစ်စေ ခံစားနားလည်နိုင်ဖို့၊ နာအိုကီ ဟီဂရှီဒါ တို့လို ကလေးငယ်တွေရဲ့ အားထုတ်ဆက်သွယ်မှုကို တစ်နည်းတစ်ဖုံ ပြန်လည်ဆက်သွယ်နိုင်ဖို့၊ ဒီစာအုပ်ကို လူတိုင်းဖတ်ဖို့ အမြဲညွှန်းနေမှာဖြစ်သလို၊ ရုပ်ရှင်ကိုပါ မြန်မာစာတမ်းထိုးနဲ့ အချိန်ပေးကြည့်ရှုနိုင်ဖို့ ကိုဝီရအောင်က Channel Myanmar ကနေ အားထုတ် ဘာသာပြန် စာတမ်းထိုးပေးထားပါတယ်။

နျူရိုဒိုင်ဗားဂျန့် ဖြစ်သူ ကလေးများကို အသိအမှတ်ပြု လက်ခံကြိုဆိုဖို့၊ မတူကွဲပြားမှုကို တန်းဖိုးထားရကောင်းမှန်းသိစေဖို့၊ ဝေဖန်ကဲ့ရဲ့မှုကင်းပြီး အပြုသဘောဆောင်တဲ့ လူမှုအသိုက်အအုံလေးများကို ဖန်တီးတည်ဆောက်နေတဲ့ ကမ္ဘာအနှံ့အပြားမှ အသွင်ပြောင်းပညာရေးတိုက်ပွဲမှာ ပါဝင်နေတဲ့ ဆရာ/မ များအတွက် ဒီအညွှန်းကို ရေးပါတယ်။

~ မာနွယ်အေး

Further readings:
https://thereasonijumpfilm.com/

What Does It Mean To Be Neurodivergent?
https://www.forbes.com/health/mind/what-is-neurodivergent/

What is neurodiversity?
https://www.health.harvard.edu/blog/what-is-neurodiversity-202111232645

Autistic Play at Forest School : pretend play characteristics seen otherwise
https://forestschoolassociation.org/autistic-play-at-forest-school-pretend-play-characteristics-seen-otherwise/

(ဒီဒိုကူမန်ထရီရဲ့ အညွှန်းကို မမာနွယ်အေးမှ ရေးသားပေးထားပြီး WiRa Aung မှ ဘာသာပြန်ဆိုပေးထားပါတယ်)

Size – 1.6GB, 776MB
Quality – 1080p, 720p
IMDb Rating – 7.4/10
Format – mp4
Duration – 1H 22Min
Genre – Documentary, Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Jerry Rothwell
Stars
Aarti Khurana, Amrit Khurana, Benjamin McGann, Bertra McGann, David Mitchell, Donna Budway, Elizabeth Vosseller, Emma Budway, Jeremy Dear, Jestina Penn-Timity, Jim Fujiwara, Jordan O'Donegan, Joss Dear, Mary Penn-Timity, Ronald Penn-Timity, Stevie Lee
Release Date
2020
Rated
Unrated
Runtime
1h 22m
Awards
9 wins & 17 nominations
Country
United States, United Kingdom
Popularity
5.995
Status
Released
ID IMDb.com
tt9098928
IMDB Rating
7.4
IMDB votes
1200
ID Themoviedb.org
653758
TMDb Rating
7.2
TMDb votes
19