Ronnie O’Sullivan: The Edge of Everything (2023)


Synopsis:
Ronnie O’Sullivan: The Edge of Everything (2023)
~ IMDb rating – 7.8/10 ~
ရွန်နီ အို ဆာလီဗန် သို့မဟုတ် စနူကာတျာချင်းတို့ရဲ့ ပဉ္စလက်ရှင်
သက္ကလတ်ခင်း စစ်မြေပြင်မှာ ကျူတံဝင့်ပြီး တိုက်ပွဲဝင်ခဲ့သူတွေထဲ “ရွန်နီ အို ဆာလီဗန်“ ဆိုတဲ့ နာမည်တစ်လုံးက အတောက်ပဆုံးဖြစ်တယ်။ ရွန်နီဟာ စနူကာရဲ့ နပိုလီယံ၊ စနူကာရဲ့ ဘီသိုဗင်၊ စနူကာရဲ့ ဒါဗင်ချီ၊ စနူကာရဲ့ စနူကာပဲ။ ကျူတံနဲ့ မှော်ဝင်သံစဉ်တွေဖန်ဆင်းကြတဲ့အခါမှာ ရွန်နီရဲ့တေးသွားတွေက သိပ်ကိုအရသာရှိလွန်းတယ်။ ထိုးချက်တိုင်းမှာ ဘုရားသခင်တန်ခိုးတော်နဲ့ လမ်းကြောင်းပေးတယ်လို့ထင်ရလောက်အောင် သိမ်မွေ့တိကျလွန်းတယ်။ သူကိုယ်တိုင်တော့ အကြီးကျယ်ဆုံးအဖြစ် မခံယူထားပေမဲ့ စနူကာတလောကလုံးက ရွန်နီကို သမိုင်းတလျှောက် အကြီးကျယ်ဆုံး ကစားသမားအဖြစ် လက်ခံထားကြပါတယ်။ ဒါကတော့ ဒီလိုဆာလီဗန်ရဲ့ ဘဝကို ခြေရာကောက်ထားတဲ့ ဒိုကူမန်ထရီတစ်ခုပါ။ နောက်ဆုံးမှာသူပြောသလိုပေါ့။ သူ့ရဲ့ ဖြတ်သန်းမှုတွေကို ဗီဒီယိုမှတ်တမ်းစစ်စစ်နဲ့ ကြည့်ခွင့်ရတာ ကျွန်တော်တို့ သိပ်ကံကောင်းပါတယ်။
ကမ္ဘာ့ချန်ပီယံရှစ်မှာ အသက်အငယ်ဆုံးဆုရှင်အဖြစ် အသက် ၁၇ နှစ်အရွယ်ကစပြီးပြေးလိုက်တဲ့ ဒီပြိုင်မြင်းဟာ ကမ္ဘာ့ချန်ပီယံဆု ၇ ကြိမ်၊ အင်္ဂလန်ချန်ပီယံဆု ၈ ကြိမ်၊ မာစတာဆု ၇ ကြိမ် နဲ့ အဆင့်မြင့်ဆုဖလားပေါင်း ၄၀ လုံးရရှိထားတယ်။ ကမ္ဘာ့နံပါတ်တစ် ကစားသမားအဖြစ် ရပ်တည်နေခဲ့တာလည်း ၃၆၆ ပတ်ရှိပါပြီ။ အင်တာနက်မှာ စနူကာလို့ ရှာလိုက်တာနဲ့ စနူကာနဲ့အတူ ရွန်နီရဲ့နာမည်ကို ဖော်ပြပါလိမ့်မယ်။
သူ့ကစားသမားဘဝသက်တမ်း အနှစ် ၃၀ မှာ ချိုးခဲ့ဖူးတဲ့စံချိန်တွေလည်း မနည်းမနောပါပဲ။ သူ့ရဲ့နာမည်ပြောင် ဒုံးပျံကြီး ဆိုတဲ့အတိုင်း အမြန်နှုန်းနဲ့ပတ်သက်ရင် သူတင်ထားတဲ့စံချိန်တွေမှ မနည်းမနောပဲ။ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝ ပထဆုံးရာသီမှာတင် ၉ကျော့ပွဲကို ၄၃ မိနစ်နဲ့ အနိုင်ထိုးပြီး ဒုံးပျံဆိုတဲ့နာမည်ပြောင်ကိုရခဲ့တယ်။ ဒါက ဘာလို့အထင်ကြီးစရာကောင်းသလဲဆိုရင် ပျှမ်းမျှအားဖြင့် ၉ကျော့ပွဲတွေက ၂ နာရီ ကနေ ၃ နာရီအထိ ကြာတတ်လို့ပါပဲ။ အဲဒါတင်မကသေးပါဘူး။ ရွန်နီက Maximum Break တွေကို သိပ်ကြိုက်တဲ့သူပါ။ အနီ ၁၅ လုံး အမည်း ၁၅ လုံး နဲ့ တခြားအရောင် ၆ မျိုးစလုံး အပြည့်ထိုးမှရတဲ့ ၁၄၇ မှတ်စာ Maximum Break ကို ၁၅ ကြိမ် နဲ့ အများဆုံး စံချိန်တင်ထားပြီး Maximum Break အတွက် အမြန်ဆုံးစံချိန်ကိုလည်း ၅မိနစ် ၈ စက္ကန့်နဲ့ တင်ထားပါသေးတယ်။
ဆာလီဗန်ရဲ့ ကစားပုံတွေကိုကြည့်ရင် ပန်းချီဆရာတယောက် လက်စွမ်းပြနေရတာကို ဘေးကထိုင်ကြည့်နေသလိုပဲခံစားရလိမ့်တယ်။ ပန်းချီဆရာက သူ့ရဲ့အတွေးတွေကို စိတ်တိုင်းချဖြန့်ကျက်ခွင့်ပေးပြီး စိတ်လိုလက်ရ ဆေးခြယ်နေသလို ဆာလီဗန်ရဲ့ ကျူတံကိုင်ရင်း တစ်လုံးပြီးတစ်လုံး အတိမ်းအစောင်းမရှိ တည်ထိုးနေတာတွေကိုမြင်ရတာက ကြည့်ကောင်းသလောက် မယုံနိုင်စရာလည်းကောင်းလွန်းတယ်။ စနူကာဆိုတာ ပန်းချီမဟုတ်ဘူး။ စိတ်တိုင်းကျ စိတ်ကိုလွတ်လပ်ခွင့်ပေးပြီး ကြုံသလိုထိုးရတာမျိုးမဟုတ်ဘူး။ ၁ မီလီမီတာ လောက်အတိမ်းအစောင်းက ဖလားကိုပါ ရင်းလိုက်ရနိုင်တဲ့အထိ ဖိအားများတယ်။ ဒီလိုနယ်ပယ်မှာ ဝုန်းဒိုင်းနဲ့ စဉ်းစားချိန်မယူသလောက်တွေးပြီးထိုးနေတဲ့ ဆာလီဗန်ရဲ့ခေါင်းထဲ ဘာတွေရှိနေမလဲ ရိုးရိုးလေးသိချင်မိမှာပါ။
သူကတော့ သူ့ကိုယ်သူ အတိမ်းအစောင်းမခံနိုင်တဲ့လူ Perfectionist လို့ပြောတယ်။ အဲဒီစိတ်ကြောင့်လည်း သူထမ်းပိုးခဲ့ရတဲ့ ဝန်ထုပ်တွေ သိပ်များလွန်းခဲ့တယ်။ မိသားစုအရေးမှာလည်း သူအချစ်ရဆုံး အနီးကပ်ဆုံးဖြစ်ခဲ့တဲ့ သူ့အဖေက သူ့အသက် ၁၆ နှစ်မှာပဲ ထောင်ကျသွားခဲ့တယ်။ သူ စနူကာထပ်မထိုးတော့ဘူးလို့ သူ့အဖေကတောင် ထင်ခဲ့တာပေါ့။ ဒါပေမဲ့ ရွန်နီက သူလုပ်စရာရှိတာကိုဆက်လုပ်တယ်။ သူ့ရဲ့အောင်ပွဲတွေကို သူ့အဖေနာမည်နဲ့ရည်စူးတယ်။
“အဖေ ကျွန်တော်လုပ်နိုင်ခဲ့ပြီ…”
ပြဿနာပေါင်းသောင်းခြောက်ထောင်ရင်ဆိုင်လာတဲ့အခါ စိတ်ထွက်ပေါက်အဖြစ် မူးယစ်ဆေးနဲ့ အရက် ကို လွန်လွန်ကျွံကျွံ စားသုံးခဲ့တယ်။ အဲဒါကြောင့် ပြိုင်ပွဲက ရပ်နားခံရပြီး ဆုဖလားတစ်ခုလည်းသိမ်းယူခံခဲ့ရတယ်။ ဒါပေမဲ့ ဘုရင်ဖြစ်ဖို့ ဇာတာပါတဲ့လူအတွက် ပြန်လာနိုင်စွမ်းဆိုတာအမြဲရှိတဲ့အတိုင်း သူပြန်လာခဲ့တယ်။ အခမ်းနားဆုံးဆိုတဲ့ ဘွဲ့ကိုယူဖို့ သူပြန်လာခဲ့တယ်။ သူ့အတွက် သမိုင်းဝင် သတ္တမအကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ်ကို ၂၀၂၂ မှာ ပူပူနွေးနွေးပဲရယူခဲ့တယ်။ ဒါလည်း စံချိန်က ပြေးမလွတ်ပါဘူး။ အသက် ၄၆ နှစ်နဲ့ အသက်အကြီးဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်သွားတယ်။
တခြားအားကစားနယ်ပယ်တွေမှာ လူလွန်မသားလို့ခေါ်ရလောက်အောင်ကောင်းရင် စက်ရုပ်တို့ ဂြိုဟ်သား တို့ဆိုတဲ့နာမည်မျိုးပေးလေ့ရှိတယ်။ ရွန်နီရဲ့ လက်စွမ်းဟာ စကြဝဠာ လွန်ပါတယ်။ ဒါပေမဲ့ သူ့ကို စနူကာစက်ရုပ်ကြီးလို့ ဘယ်သူမှ နာမည်မတပ်ကြဘူး။ အကြောင်းအရင်းက သူ့ရဲ့ လူသားဆန်မှုကြောင့်ပဲဖြစ်လိမ့်မယ်။ ရွန်နီက သူ့ရဲ့ခံစားချက်တွေအပေါ် သိပ်ရိုးသားတဲ့လူပဲ။ သူ့စိတ်ထဲဘာတွေခံစားနေရလဲ၊ ဘာတွေတွေးနေလဲ အမြဲထုတ်ပြောတယ်။ မြိုသိပ်ထားလေ့မရှိဘူး။ သူ့ရဲ့ တမူထူးခြားတဲ့စရိုက်က တခြား စက်ရုပ်စနူကာသမားတွေထက်သာပြီး ရွန်နီအိုဆာလီဗန် ဆိုတဲ့ နာမည်တလုံး ဖြစ်လာစေခဲ့တယ်။
ကမ္ဘာကျော်တွေရဲ့ ဒိုကူမန်ထရီတွေဟာ ကိုယ့်ကိုအမြင်ပွင့်စေပါတယ်။ အောင်မြင်ကျော်ကြားလွန်းတဲ့ သူတို့ရဲ့ ဘဝနေထိုင်ပုံက မျက်မြင်အရဆိုရင် ပြီးပြည့်စုံတယ်လို့ ထင်ရနိုင်ပေမဲ့ သူတို့ကိုယ်တိုင်ထုတ်ပြောလာမှ သူတို့ထမ်းပိုးထားရတဲ့ အစိုင်အခဲတွေကို မြင်ရတယ်။ ဒါကတော့ ဒုံးပျံကြီး ရွန်နီအိုဆာလီဗန်ရဲ့ လျှော့ချနေဆဲ အစိုင်အခဲတွေအကြောင်းပါပဲ။
(ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်)
Size – 2.1GB, 915MB
Quality – 1080p, 720p
IMDb Rating – 7.8/10
Format – mp4
Duration – 1H 53Min
Genre – Documentary
Subtitle – Myanmar Subtitle (Hardsub)
Translated by Min Thant Bo
Encoded by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။