Channel Myanmar

Detachment (2011)

~ IMDb – 7.7/10, Rotten Tomatoes – 59% ~

442

Detachment ရဲ့ အဓိကဇာတ်ကောင်က Adrien Brody သရုပ်ဆောင်တဲ့ အစားထိုးဆရာ ဟင်နရီဘတ်ပဲ။ သူ့အလုပ်က အမြဲတမ်းဆရာလစ်လပ်နေတဲ့ ကျောင်းတွေမှာ အစားထိုးဆရာ ခဏဝင်လုပ်၊ ကျောင်းက အမြဲတမ်းဆရာရသွားတဲ့အချိန် နောက်တစ်ကျောင်းကိုကူး။ ဒီလိုပဲရှင်သန်လာခဲ့တဲ့သူ။ သူ့မှာ တွယ်ငြိရမယ့်သူ သူနဲ့သက်ဆိုင်နေတဲ့သူဆိုလို့လည်း သူ့အဘိုးတစ်ယောက်ပဲရှိတယ်။ သူ့အဖေက သူမွေးကင်းစကတည်းက သူတို့သားအမိကို ပစ်သွားခဲ့ပြီး သူ့အမေကလည်း သူရှစ်နှစ်လောက်မှာတင် ဆုံးသွားသကိုး။ ဆိုတော့ အလုပ်လုပ်လိုက် သူ့အဘိုးရှိတဲ့ လူအိုရုံကိုသွားလိုက် သူ့ဘဝက ဒါပဲ။ ဒီတစ်ခါ သူအစားထိုးဆရာ ဝင်လုပ်ပေးရမယ့်ကျောင်းက တစ်နယ်လုံးမှာ နာမည်အပျက်ဆုံးကျောင်း။ ကျောင်းသူကျောင်းသားတွေကလည်း ဆရာကိုထဆဲတဲ့ကောင်နဲ့ ဆရာမကို Gang Bang မယ်ပြောတဲ့သူနဲ့ တကယ့်အလိမ္မာတုံးလေးတွေချည်းပဲ။ ဒီလိုကျောင်းကို ဟင်နရီဘတ်ရောက်သွားတယ်။ ဒီကျောင်းသားဆိုးတွေကြားမှာ သိပ်မဆိုးတဲ့ ကျောင်းသူတစ်ယောက်ရှိတယ်။ ဒီကားရဲ့ ဒါရိုက်တာ Tony Kaye ရဲ့သမီး Betty Kaye သရုပ်ဆောင်တဲ့ မာရီဒစ်လို့ခေါ်တဲ့ ကျောင်းသူ။ သူက ကျန်တဲ့ကလေးတွေ စကားနဲ့အနိုင်ကျင့်တာကို ခံနေရတဲ့သူလည်းဟုတ်တယ်။ ကျောင်းသားတွေစော်ကားတာခံနေရတာကို ဘာမှမတုံ့ပြန်တဲ့ ဘတ်ကို မာရီဒစ်က ကျွန်မရှင့်လိုသန်မာချင်လိုက်တာလို့ပြောတော့ “သန်မာတာနဲ့ မဆိုင်ဘူး… မင်းကို အခုလိုဖိနှိပ်မယ့်လူတွေကို ဘယ်အရွယ်ပဲရောက်ရောက်တွေ့နေရဦးမှာပဲ… မင်းစိတ်ကို ဒုတိယကမ္ဘာစစ်က ကတုတ်ကျင်းလို ခိုင်မာနေအောင်လုပ်ထားဖို့လိုတယ်… ” လို့ ဘတ်က ပြန်ပြောခဲ့တယ်။ နောက်ဇာတ်ကောင်က အဲရစ်ကာလို့ခေါ်တဲ့ ကလေးမလေး။ ငယ်ပေမဲ့ အားကိုးအားထားမရှိတော့‌ ပြည့်တန်ဆာလုပ်စားနေတာ။ ဘတ်က ဒီကလေးမလေးကို ဘတ်စ်ကားပေါ်မှာ စတွေ့တာ။ လုပ်ပြီး ပိုက်ဆံမပေးဘဲ အထိုးခံ အနိုင်ကျင့်ခံနေရတာကို သူစတွေ့ခဲ့တယ်။ သူက ဒီကလေးမကို ဒီဘဝက ရုန်းထွက်နိုင်အောင် ကူညီပေးချင်ခဲ့တယ်။ ဒီအချက်တွေကို ကြည့်ရင် ဘတ်ဟာ လူကောင်းလို့ ကျွန်တာ်တို့ ယူဆလို့ရတယ်။

နောက်တစ်ခြမ်းကို ဆက်သွားရရင် ဘတ်ဟာ ဖိနှိပ်ခံတစ်ယောက်လို့ ကျွန်တော်တို့ ယူဆလို့ရလို့ သူဟာ ဖိနှိပ်ခံလူတန်းစားတွေကို ကောင်းကောင်းနားလည်တာလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူ့အဘိုး အိမ်သာထဲ လော့ချထားပြီး ထွက်မလာလို့ ဘယ်လိုမှခေါ်မရလို့ ဂေဟာက မိန်းမက သူ့ကိုဖုန်းဆက်တော့ သူညကြီးမင်းကြီးဂေဟာကို လိုက်သွားလိုက်ရတယ်။ ဒီလိုလိုက်သွားလိုက်တဲ့အချိန်မှာ ဂေဟာက အမျိုးသမီးကို သူ့ကိုအလုပ်ရှုပ်အောင်လုပ်လို့ဆိုပြီး ရစရာမရှိအောင်ကိုပြောခဲ့တယ်။ အောက်ဆုံးထိုးကျနေတဲ့ မျက်လုံးတွေနဲ့ အမျိုးသမီးကို သူနည်းနည်းမှမညာခဲ့ဘူး။ ရှေ့မှာ ဘတ်ဟာ စိတ်ကို ကတုတ်ကျင်းလို ခိုင်မာနေအောင်ထားဖို့လိုတယ်လို့ပြောခဲ့ပေမဲ့ တကယ်တမ်း ဘတ်ဟာ စာသင်ချိန်ပြင်ပ သူ့ဘဝမှာ အမြဲတမ်း ရီဝေနေတဲ့မျက်လုံးတွေနဲ့ မှုန်ရီနေတဲ့သူပဲ။ နောက်ပိုင်း ဘတ်ဟာ မာရီဒစ်အတွက် မိတ်ဆွေအဖြစ် ရှိနေပေးခဲ့တဲ့ သူ့ဖြစ်တည်မှုကို ကျောခိုင်းခဲ့သလို အဲရစ်ကာအတွက် ဒိုင်းသဖွယ်ဖြစ်နေပေးတဲ့ သူဖြစ်တည်မှုကိုလည်း‌ ကျောခိုင်းခဲ့တယ်။ ဒီမှာ ဘတ်ဟာ လူကောင်းမဟုတ်ဘူးလို့ ကျွန်တော်တို့ ယူဆလိုက်လို့ရပြန်တယ်။

ဒါက အကုန်တော့ မဟုတ်သေးတဲ့ ဟင်နရီဘတ်ကာရိုက်တာကို ပုံဖော်ထားတဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ဘာလို့ သူ့ကောင်းခြင်းမကောင်းခြင်းနဲ့ သူ့အကြောင်းပြောနေရသလဲဆို ဒီဇာတ်တစ်ခုလုံးက ဟင်နရီဘတ်စ် အဲဒီကျောင်းမှာ အစားထိုးဆရာဝင်လုပ်ခဲ့တဲ့တစ်လမှာ သူမြင်နေရတဲ့ဆရာတွေ ကျောင်းသားတွေရဲ့ ဖြစ်တည်မှုတွေကနေ သူ့ဖြစ်တည်မှုကို လာထင်ဟပ်သွားတဲ့အကြောင်းမလို့ပဲ။ အဲဒီလိုထပ်ဟပ်တာကို ပိုအသက်ဝင်အောင်လည်း ဇာတ်ဝင်ခန်းသိပ်မပါလှပေမဲ့ သူ့ဘေးကလူတွေကို သရုပ်ဆောင်ကောင်းတဲ့ လူတွေချည်းသုံးပေးထားတယ်။ James Caan, Bryan Cranston, Lucy Liu, Christina Hendricks နဲ့ Maricia Gay Harden တို့လို လူတွေပေါ့။ ဒီလူတွေရဲ့ ရိုက်ခတ်မှုနဲ့ ဟင်နရီဘတ်ဟာ သူ့ဖြစ်တည်မှုကနေ သူရွေ့လျောသွားတယ်။ ဇာတ်ရဲ့အစမှာ သုံးထားတဲ့ ကမြူးရဲ့ စာအတိုင်းပဲ ဟင်နရီဘတ်ဟာ ဒီအရာအားလုံးဟာ သူနဲ့ဆိုင်နေသလို ခံစားရရင်းမှာပဲ အရာအားလုံးဟာ သူနဲ့မဆိုင်နေသလိုပါ ခံစားလာရတယ်။ Attachment တွေအားလုံး Detachment ဖြစ်သွားတယ်။ အဲဒီအကျိုးဆက်တွေကိုလည်း သူကြုံခဲ့ရတယ်။ သူ့ကိုယ်သူ ပျောက်ဆုံးသွားခဲ့တယ်။

ဒီလိုဆိုလို့ ဒီရုပ်ရှင်မှာ အဖြေတစ်ခုခုရှိနေမယ် မက်ဆေ့တစ်ခုခုရှိနေမယ်ထင်ရင်လည်း မှားမှာပဲ။ ဘာအဖြေမှမပါတဲ့ တင်ပြသွားခြင်းသက်သက်ပဲ။ သူပြောခဲ့သလိုပဲ ဒါတွေက အခုမှရှိနေတဲ့အရာတွေလည်း မဟုတ်ဘူး။ ခန်းမထဲမှာပဲဖြစ်ဖြစ် အတန်းထဲမှာပဲဖြစ်ဖြစ် လမ်းလျှောက်နေရင်း မင်းတို့ထဲက ဘယ်သူတွေ မင်းတို့ကို ဖိနှိပ်ထားတဲ့ အလေးချိန်ကို ခံစားမိကြလဲလို့ အတန်းထဲ သူပြောခဲ့တုန်းကလိုပဲ အားလုံးလက်ထောင်တယ်။ သူကိုယ်တိုင်လည်း လက်ထောင်တယ်။ ကျွန်တော်တို့လည်း လက်ထောင်ရမှာပဲ။ ကိုယ့်ဖြစ်တည်မှုကိုကိုယ်မတွေ့ဘဲ မမြင်နိုင်တဲ့အလေးချိန်တစ်ခုကသာ ဖိနှိပ်ထားတဲ့ ခံစားချက်မျိုး လူတိုင်းနီးပါး ခံစားဖူးကြမှာပဲ။ သူ့စကားအတိုင်းပေါ့။ အဂ္ဂါအယ်လန်ပိုးက ဒီအကြောင်းတွေကို လွန်ခဲ့တဲ့အနှစ်တစ်ရာကတည်းက ရေးပြီးသား။ ပိုးရဲ့ ဝတ္တုတိုထဲက အက်ရှာအိမ်တော်ကြီးဟာ ရဲတိုက်ဟောင်းကြီးသက်သက်မဟုတ်ဘူး။ ဖြစ်တည်မှုရဲ့ နိမိတ်ပုံတစ်ခု။ အက်ရှာအိမ်တော်ကြီးအကြောင်းဟာ တစ်စစီပြိုလဲနေတဲ့ ဖြစ်တည်မှုတစ်ခုအကြောင်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ Detachment ဟာလည်း တစ်စစီပြိုလဲနေတဲ့ ဖြစ်တည်မှုတစ်ခုအကြောင်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီဇာတ်လမ်းရဲ့အဆုံးမှာတော့ တူညီတဲ့နှလုံးသားတစ်ခုဟာ တဆစ်ဆစ်ကိုက်နေမှာပဲ။

“တိမ်တွေ ကောင်းကင်နံရံမှာ နိမ့်ပါးစွာတွဲလျောင်းကျနေတဲ့ ဆောင်းဦးရဲ့ မှောင်မဲတိတ်ဆိတ် မှုန်မှိုင်းတဲ့နေ့တစ်နေ့မှာ မြင်းတစ်ကောင်ကိုစီးရင်း ကျေးလက်ရဲ့ မသာမယာလမ်းကြောတစ်ခုပေါ် တစ်ကိုယ်ရေတည်း ဖြတ်လာခဲ့တယ်။ ညနေခင်းရဲ့ ဆည်းဆာမှာ အရိပ်ထင်လာတဲ့အခါ လွမ်းညှို့ဖွယ်အက်ရှာအိမ်တော်ရဲ့ မြင်ကွင်းကို ငါမြင်နေရတယ်။ ဘာကြောင့်လဲ ငါမသိပေမဲ့ အက်ရှာအိမ်တော်ကြီးကို ပထမဆုံးရိပ်ခနဲမြင်လိုက်တဲ့အချိန် မခံရပ်နိုင်စရာ အဆွေးဓာတ်က ငါ့သန္တာန်မှာ လွှမ်းသွားတယ်။

အရောင်အဆင်းမရှိတော့တဲ့နံရံတွေကို…
ဆွေးမြေ့ပြီးတဲ့သစ်ပင်တွေရဲ့ ပင်စည်ဖြူဖြူတွေကို…
အက်ရှာအိမ်တော်ကြီးရဲ့မြင်ကွင်းကို…

အကြွင်းမဲ့ပြိုလဲနေတဲ့ စိတ်နဲ့ သုန်မှုန်ရီ ငါငေးကြည့်မိတယ်။ အဲဒီမှာ နှလုံးသားတစ်ခုဟာ စက်ဆုပ်စဖွယ် အေးစက်သိမ်ငယ်နေတယ်…”

စာကြွင်း။ ။ ဒါရိုက်တာ Tony Kaye ဟာ American History X ဆိုတဲ့ ပွဲဦးထွက်ရုပ်ရှင်နဲ့ ဟောလိဝုဒ်မှာ အောင်မြင်မှုရပြီးတဲ့နောက် ၂၀၀၆မှာမှ Lake of Fire ဆိုတဲ့ ဒိုကူမန်ထရီကို ပြန်ရိုက်ခဲ့တယ်။ အဲဒီနောက် American History X နောက်ပိုင်း ၁၅နှစ်နီးနီးကြာပြီး ၂၀၁၁မှာမှ သူရဲ့ ဒုတိယရုပ်ရှင် Detachment ကို ရိုက်ခဲ့တယ်။ အခု ၂၀၂၄အထိတော့ ဘာဆိုဘာမှ ထွက်မလာသေးဘူး။ ဒါပေမဲ့လည်း Tony Kaye ဟာ အတော်ဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောရမယ်။ သူရိုက်ခဲ့တဲ့ အနုပညာ ၃ခုလုံးက ပြစ်ချက်ပြောစရာမရှိလောက်အောင် ကောင်းလွန်းနေခဲ့တယ်။ နှမြောစရာကောင်းတာကတော့ အခု သူ့အသက်၇၁ထိမှာမှ သူ့ရုပ်ရှင်ဆိုလို့ ၂ကားပဲ တွေ့ရသေးတာပါပဲ။

(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.1GB, 1.05GB
Quality – 1080p, 720p
IMDb Rating – 7.7/10
Format – mp4
Duration – 1H 38Min
Genre – Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Detachment (2011)
Detachment (2011)
Detachment (2011)
Detachment (2011)
Detachment (2011)
Detachment (2011)


No downloads available

Genres



Related movies