Come and See ( 1985 )
IMDb Rating (8.4) / Rotten Tomatoes (90%)
Greatest War Films of all time စာရင်းမှာ ကူးဘရစ်ရဲ့ Paths of Glory (1957)နဲ့ Full Metal Jacket (1987)တို့ ကော်ပိုလာရဲ့ Apocalypse Now (1979)တို့ Jean Renoirရဲ့ Grand Illusion (1937)တို့နောက်မှာ ကပ်ပါလာတာကတော့ ဆိုဗီယက်ကား Come and See ( 1985 )ဆိုတဲ့ရုပ်ရှင်ကားပါပဲ။ တစ်ချက်ရှိတာက ဒီကားတွေကို အကောင်းဆုံးစစ်ကားတွေလို့ ပြောကြပေမဲ့ ဒီကားတွေအကုန်လုံးက Anti-war filmsစာရင်းမှာ ဝင်နေတာပါပဲ။ Anti-war filmsတွေဆိုတာကတော့ စစ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့အရာ အနိဠာရုံများတဲ့အရာလို့ဖော်ပြထားတဲ့ စစ်ရဲ့မကောင်းခြင်းတွေကို မီးမောင်းထိုးပြနေတဲ့ ရုပ်ရှင်တွေပါပဲ။ The Thin Red Lineတို့ Platoonတို့လိုကားတွေ ဒီနောက်ပိုင်းထွက်တဲ့1917တို့ All Quiet on the Western Frontရဲ့ ဗားရှင်း၃ခုလုံးတို့အကောင်းဆုံးဆိုတဲ့စာရင်းဝင် စစ်ကားမှန်သမျှဟာ စစ်ကိုဆန့်ကျင်တဲ့ကားတွေ ဖြစ်နေတာတော့ သမိုင်းတစ်လျှောက် အနုပညာရဲ့ရပ်တည်ချက်ကို ပြနေသလိုလိုပါပဲ။
Come and See ဟာ ဆိုဗီယက်ရုရှား ရုပ်ရှင်ဒါရိုက်တာ Elem Klimovရဲ့ အအောင်မြင်ဆုံးကားဖြစ်သလို သူ့ရဲ့နောက်ဆုံးပိတ်ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။ Klimov ငယ်ဘဝက စစ်တွင်းအတွေ့အကြုံတွေကို နည်းနည်းထင်ဟပ်နေတယ်လို့လည်း ဆိုထားတယ်။ Klimov ဟာ Come and See နောက်ပိုင်းမှာတော့ ဘာရုပ်ရှင်မှ မရိုက်ခဲ့ပါဘူး။ သူလုပ်နိုင်သလောက် လုပ်ပြပြီးပြီလို့ ခံစားရလို့လို့လည်း ပြောခဲ့တယ်။ Greatest Films of all Time စာရင်းမှာ အဆင့်၄၁ချိတ်နေတဲ့ကားကို ရိုက်ပြီးပြီဆိုတော့ သူပြောသလိုဟုတ်ရင်လည်းဟုတ်ပါလိမ့်မယ်။ သူနဲ့ဇာတ်ညွှန်းတွဲဖက်ရေးတဲ့သူကလည်း ဒီစစ်ကို တကယ်တိုက်ခဲ့တဲ့သူဆိုတော့ ဒီဇာတ်လမ်းရဲ့ အများစုကတော့ သူတို့အတွေ့အကြုံတွေကပဲ လာတယ်လို့ ပြောရပါမယ်။ ပြတာတွေကလည်း အပေါ်ကစာရင်းထဲက စစ်ကားတွေအားလုံးမှာ အရက်စက်ဆုံးလို့ပြောရပါမယ်။ တစ်နည်းနဲ့ပြောရရင် သူကစစ်တိုက်တာထက် စစ်ရဲ့နစ်နာသူတွေကို အဓိက မီးမောင်းထိုးပြထားတဲ့ ကားလို့ပြောရမယ်။
ဇာတ်အိမ်ကိုတော့ ဒုတိယစစ်လယ်ကာလ ၁၉၄၃မှာ တည်ထားတယ်။ သူတို့ဆီက ယောက်ျားလေးအများစု တိုက်ပွဲဝင်နေရတဲ့ကာလပေါ့။ အဲဒီကာလမှာ ကလေးသာသာကောင်လေးတစ်ယောက်က စစ်တော်တော်ဝင်တိုက်ချင်ခဲ့တယ်။ မြေကြီးတွေပတ်တူးပြီး မြေကြီးထဲက လက်နက်ရှာနေခဲ့တယ်။ လက်နက်ရှိမှ လက်ခံမကိုး။ ဘယ်သူတွေဘာလို့မြုပ်ထားကြလဲတော့ မပြောတတ်ဘူး။ ဒီလိုနဲ့ကောင်လေးဟာ လက်နက်ကို တွေ့သွားတော့ စစ်ထဲလိုက်သွားခဲ့တယ်။ အဲဒီနောက် အနိဠာရုံအတိနဲ့ သူမမြင်ဖူးခဲ့တဲ့လောကကို သူမြင်ခဲ့ရတယ်။
Come and See ဆိုတဲ့ စကားလုံးက သမ္မာကျမ်းစာရဲ့ Revelation 6- Four Horsemen & Six Sealsထဲက Apocalypse ဖြစ်ဖို့ ဘုရားသခင်ရဲ့ Seals ၄ခုပွင့်ပြီးတဲ့နောက်မှာ four living beasts ထဲက တစ်ကောင်က ပြောခဲ့တဲ့စကားပါပဲ။ တစ်နည်းအားဖြင့် Come and See ဆိုတာကလည်း Apocalypse Now လို့ပြောတာပါပဲ။ ဒါပေမဲ့ Come and See ဟာ Apocalypse Now ထက် အများကြီး ပိုရက်စက်တဲ့ ရုပ်ရှင်, ပိုရက်စက်တဲ့ အနိဠာရုံတွေအကြောင်းပါပဲ။ ရုပ်ရှင်အစက ကောင်လေးဟာ စစ်ဟာ ဘယ်လောက်ရက်စက်လဲ မသိခဲ့ပါဘူး။ ဒီတော့ သူ့မှာဝင်တိုက်ချင်စိတ် အပြည့်ရှိခဲ့တယ်။ တကယ်တမ်းဝင်တိုက်တဲ့အခါမှာ စစ်ရဲ့အနိဠာရုံတွေကို မခံစားနိုင်ဘဲ ရူးသွားခဲ့တယ်။ ဆယ်ကျော်သက်ကောင်လေးအဖြစ်ကနေ နေ့တွင်းချင်းပဲ အိုမင်းရင့်ရော်သွားခဲ့တယ်။အနိဠာရုံတွေဟာ လူတွေကို ရူးသွားစေနိုင်တဲ့အကြောင်း ကျွန်တော်တို့ ခဏခဏမြင်ခဲ့ပြီးပါပြီ။ Come and See ကလည်း ဒါကိုပြထားတဲ့ မာစတာပိစ်ရုပ်ရှင်တစ်ကားပါပဲ။
တစ်ခုရှိတာက ဒီရုပ်ရှင်ရဲ့ အရက်စက်ဆုံးဆိုတဲ့အရာတွေမလာခင်မှာ လှပတဲ့အရာတစ်ချို့အရင်လာခဲ့တယ်။ ကောင်လေးဟာ အနိဠာရုံတွေနဲ့ ပက်ပင်းမတိုးခင်မှာ သူ့အချစ်ကို တွေ့ရှိသွားခဲ့တယ်။ မိုးစက်တွေ နူးညံ့ခြင်းတွေ အနွေးဓာတ်တွေ နေရောင်ခြည်တွေနဲ့ စိမ်းစိုနေအောင်လှနေတဲ့ တောအုပ်ကလေးကို သူတွေ့ရှိသွားခဲ့တယ်။ ချစ်ချင်တယ်ဆိုတဲ့ ကောင်မလေးကို သူတွေ့ရှိသွားခဲ့တယ်။ အနိဠာရုံတွေရဲ့အရှေ့မှာ ဒီလိုအရာကို အရင်ထည့်တာက ဒါရိုက်တာက နောက်လာတော့မယ့် ရက်စက်ခြင်းတွေအတွက် ကျွန်တော်တို့ကိုရော ဇာတ်ကောင်တွေကိုရော သက်ညှာတဲ့အနေနဲ့ ခဏလေးစိတ်အေးစေခဲ့တာလား။ ဒါမှမဟုတ် ပိုရက်စက်လိုက်တာလားတော့ မသိနိုင်ဘူး။ အခုတော့ ချစ်ချင်ခဲ့တဲ့ကောင်မလေးရဲ့ ခြေထောက်တွေဟာ သွေးစိမ်းရှင်ရှင်ယိုလို့။ သေချာတာတော့ အဲဒီမျက်ဝန်းတွေဟာ ဒီကမ္ဘာမှာ အချစ်ရှိပါတယ်လို့ ဘယ်တော့မှ မယုံတော့မယ့်မျက်ဝန်းတွေ ဖြစ်သွားခဲ့ပြီ။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။)
File size…(12 GB)/(3 GB )/(1.4 GB)
Quality….BluRay 4K HEVC/ 1080p HEVC / 720p
Format…mkv/mp4
Duration….02:23:18
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Wira Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။