Bhaag Milkha Bhaag (2013)
IMDb – 8.2/10_____Rotten – 72%

ကျွန်တော် အကိုတို့ blog ကနေပြီးတော့ movies တွေ အမြဲတမ်းကြည့်ဖြစ်ပါတယ် .. အကိုတို့ဘလော့လေးကို သဘောလဲကျမိပါတယ်.. အဲ့အတွက် ကျွန်တော်လည်း တတ်နိုင်သမျှပြန်ကူညီတဲ့အနေနဲ့ ဇာတ်ကား တစ်ကားကို ဘာသာပြန်ပြီး အကိုတို့ကို ပေးလိုက်ပါတယ် ..
ဇာတ်လမ်းလေးကလည်း အထုပ္ပတ္တိ ကားလေးလည်းဖြစ်.. တော်တော်လေးလည်းကောင်း.ဘဝအတွက်လည်း message တွေအများကြီးပေးပါတယ်..ပြီးတော့ မြန်မာလို ပြန်ထားတာ မတွေ့သေးတဲ့အတွက် ကျွန်တော်ပြန်ပြီး ပို့ပေးလိုက်တာပါ .. ဇာတ်လမ်းက ၂၀၁၃ ခုနှစ်က ထွက်တဲ့ Bhaag Milkha Bhaag ဆိုတဲ့ ဇာတ်ကားလေးပါ .. အကိုတို့လဲ ကြည့်ဖူးပြီးသားဖြစ်မယ်ထင်ပါတယ်…ဇာတ်လမ်းက ၃ နာရီကြာတော့ ဆိုဒ်ကလည်း နဲနဲကြီးသွားတယ် 2 Gb နည်းနည်းကျော်သွားပါတယ်….
ဇာတ်လမ်းအညွှန်းက Movie Locos ကနေကူးယူပြီး ပေးလိုက်ပါတယ်..
================================================
၁၉၄၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပါတယ်။ အကုန်လုံးပျော်နေကြပေမယ့် မပျော်နိုင်တဲ့ လူမျိုးတစ်မျိုးရှိပါတယ်။ သူတို့ကတော့ ပန်ဂျပ် (Punjab) တွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရတဲ့အခါ ပါကစ္စတန်က ပန်ဂျပ်ပြည်နယ်တစ်ခြမ်းကို တောင်းပါတယ်။ အင်္ဂလိပ်ကခွင့်ပြုလိုက်တဲ့အတွက် ပန်ဂျပ်ပြည်ဟာ နှစ်ခြမ်းကွဲပြီး တစ်ခြမ်းက အိန္ဒိယထဲမှာ၊ နောက်တစ်ခြမ်းကတော့ ပါကစ္စတန်ထဲရောက်သွားပါတယ်။
ပါကစ္စတန်ပိုင်နက်ထဲရောက်သွားတဲ့ ပန်ဂျပ်တွေကို မွတ်စလင်ဘာသာ အတင်းပြောင်းခိုင်းပါတယ်။ မပြောင်းနိုင်တဲ့သူတစ်ချို့က ကိုယ့်လယ်ယာ၊ အိုးအိမ်တွေကိုစွန့်ပြီး အိန္ဒိယဘက်ခြမ်းကို ရွှေ့ကြပါတယ်။ ကိုယ့်မြေကိုမစွန့်နိုင်တဲ့သူတစ်ချို့ကတော့ ရရာလက်နက်စွဲပြီး တွန်းလှန်ကြပါတယ်။ အဲဒီလိုတိုက်တဲ့အခါ မေခါဆင်း (Milkha Singh) ဆိုတဲ့ ကောင်လေးရဲ့မိသားစုတစ်စုလုံး အသတ်ခံလိုက်ရပါတယ်။ တွယ်ရာမဲ့ဖြစ်သွားတဲ့ မေခါဆင်းတစ်ယောက် အိန္ဒိယဘက်ခြမ်းကို ပြေးရပြီပေါ့။ သူ့ဘဝဟာ အဲသလိုပဲ အပြေးနဲ့စခဲ့ရရှာပါတယ်။
အရွယ်ရောက်လာတဲ့အခါ ဒီမေခါဆင်းလေးဟာ အိန္ဒိယစစ်တပ်ထဲဝင်ပြီး စစ်မှုထမ်းပါတယ်။ တစ်နေ့ကျတော့ သူတို့တပ်မှာ အပြေးပြိုင်ပွဲတစ်ခုလုပ်ပါတယ်။ အဲဒီပြိုင်ပွဲဟာ တကယ်တော့ လူသစ်ရှာတဲ့ပွဲပါပဲ။ အခြေအနေကောင်းတဲ့သူတွေကို ရွေးပြီးတော့ လက်ရွေးစင်အပြေးအသင်းအတွက် လေ့ကျင့်ပေးမှာပါ။
တပ်သားတွေ ဝင်ပြိုင်ချင်အောင် ဆာဂျင်ကြီးက မက်လုံးပေးပါတယ်။ ပထမဆုံးပန်းဝင်တဲ့သူ ၁၀ ယောက်ကို ကြက်ဥနှစ်လုံးနဲ့ နွားနို့တစ်ခွက်တိုက်ပါမယ်တဲ့။ ပြီးတော့ ဖက်ထိပ် (Fatigue) ၁၄ ရက် မလုပ်ရဘူးတဲ့။ မေခါဆင်းဟာ နွားနို့အရူးအမူးကြိုက်သူပါ။ ဒါကိုမက်ပြီး ဝင်ပြိုင်တာ ပထမရပါတယ်။ ဒီတော့ လက်ရွေးစင်အသင်းအတွက် သူ့ကိုပဲ ရွေးသွားပါတော့တယ်။
ဒါဟာ သူ့ဘဝအတွက်တော့ အကြီးမားဆုံး အပြောင်းအလဲတစ်ခုပါပဲ။ အဲဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်တယ်ဆိုတာကို Bhaag Milkha Bhaag ဆိုတဲ့ ဘောလိဝုဒ်ဇာတ်ကားလေးမှာ ကြည့်ကြရမှာပါ။ ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင် မေခါဆင်းအဖြစ် Farhan Akhtar က သရုပ်ဆောင်ထားပါတယ်။ Farhan Akhtar ဟာ လူသစ်ပါ။ သူ့ဘဝဟာလည်း စိတ်ဝင်စားဖို့၊ အတုယူဖို့ အင်မတန်ကောင်းပါတယ်။ အင်မတန်ကိုကြိုးစားတဲ့ ပါရမီရှင်တစ်ယောက်ပါ။ သူ့အကြောင်း နောက်အလျဉ်းသင့်လျှင် တင်ပြပေးပါ့မယ်။
ဒီဇာတ်ကား Bhaag Milkha Bhaag နဲ့ ပတ်သက်လို့ ကျွန်တော့်မှာ ပြောစရာတွေ အများကြီးရှိနေပါတယ်။ အိန္ဒိယ-ပါကစ္စတန် တွဲရေးခွဲရေးကိစ္စကို ကျွန်တော်အပေါ်မှာ ထည့်ရေးခဲ့ပါတယ်။ ဘာသာရေးအရှုပ်အထွေးတွေဖြစ်အောင် တမင်ရေးတာမဟုတ်ပါဘူး။ ဒီအကြောင်းအရာကို မသိလျှင်၊ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ မေခါဆင်း ရင်ထဲက ခံစားချက်ကို နားမလည်လျှင်၊ ဒီဇာတ်ကားကို ကြည့်ရတာ အရသာအင်မတန်ပေါ့သွားပါလိမ့်မယ်။ ဇာတ်ကားကိုကြည့်ရင်းနဲ့ ကျွန်တော်ထည့်ရေးခဲ့တဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားကြမှာပါ။
နောက်တစ်ချက်က ဒီဇာတ်ကားဟာ စိတ်ခွန်အား အင်မတန်ဖြစ်စေတဲ့ ဇာတ်ကားပါ။ ကြည့်ရင်းနဲ့ ကိုယ်ပါ အားတွေတက်လာတယ်။ သူ့လိုကြိုးစားချင်စိတ်တွေ ပေါက်လာတယ်။ အောင်မြင်မှုဆိုတာ လွယ်လွယ်ကူကူမရဘူး။ ဘယ်လောက်တောင်ခက်ခဲတယ်ဆိုတာမျိုးကို နားလည်လာမှာပါ။
မေခါဆင်းရဲ့ စိတ်ဓာတ်ပြတ်သားပုံမျိုးကို အတုယူစေချင်ပါတယ်။ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ သူဘယ်လိုကြိုးစားခဲ့သလဲဆိုတာ လေ့လာစေချင်ပါတယ်။ သူဟာ အပြေးလေ့ကျင့်ရင်းနဲ့ ပင်ပန်းလွန်းလို့ ပါးစပ်က သွေးတောင်အန်ထွက်ပါတယ်။ တော်ရုံတန်ရုံလူဆို ဒီအဆင့်တောင် ရောက်မလာဘူး။ ချွေးလေး နည်းနည်းရွဲလာရင်ပဲ ရပ်ပစ်လိုက်တော့မှာ။ မေခါဆင်းက သွေးအန်နေတာတောင် မရပ်ဘူး။ ကြုံးထပြီး ပြန်ပြေးတယ်။ ဒီလိုမျိုးကြိုးစားမှုမျိုး အတုယူစေချင်တာပါ။
လူငယ်တွေ အဓိကကြည့်သင့်ပါတယ်။ ဒါ့ကြောင့် ဒီလောက်အရှည်ကြီးရေးပြီး ညွှန်းနေရတာပါ။ ကြည့်စေချင်လွန်းလို့ပါ။
၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ဘောလိဝုဒ်မှာ အင်မတန်အောင်မြင်ခဲ့ပါတယ်။ ဘောလိဝုဒ်သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံးဇာတ်ကား နံပါတ် ၅ ထိ တက်ချိတ်ထားပါတယ်။ မေခါဆင်း (Milkha Singh) ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် ‘The Race Of My Life’ ကိုမှီငြမ်းပြီး ပြန်ရိုက်ကူးထားတာပါ။ ကဲ…ကြည့်ဖြစ်အောင် ကြည့်ကြပါဦးဗျာ
File Size – 2.2 GB
Quality – HD Rip 720p
Format – mp4
Duration – 03:06:00
Subtitle – Myanmar Hardsub
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။